International News

၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးတက်လာမည်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ရပ်ဝန်းနှင့်ပိုးလမ်းမ (BRI) စီမံကိန်း၌ အသုံးစရိတ်များ ခွဲဝေသုံးစွဲလာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လာခြင်းတို့ကြောင့် သက်ဆိုင်ရာနိုင်ငံများတွင် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အခွင့်အလမ်းသစ်များကို ဖြစ်ပေါ်စေသည်။ အခြေခံအဆောက်အအုံများ တည်ဆောက်လာရသည့်အတွက် ငွေသားစီးဆင်းမှုများကို ဖြစ်ပေါ်စေပြီး တစ်ဆက်တည်းတွင် လိုအပ်သော ထောက်ပံ့ဝန်ဆောင်မှုလုပ်ငန်းများလည်း ပေါ်ပေါက်လာခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ လုပ်ဖော်ကိုင်ဖက်နိုင်ငံတစ်ခုအဖြစ် ကာလရှည်ကြာရှိခဲ့ရာ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းက BRI စီမံကိန်းများ စတင်လာသည့်အတွက် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို မြန်မြန်ဆန်ဆန်တိုးတက်လာစေခဲ့ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ ကုန်သွယ်ရေးနှင့်ဒေသတွင်း ဥစ္စာဓနကြွယ်ဝချမ်းသာမှုတို့ကို အဆင့်မြှင့်တင်ခြင်းစသည်တို့ကို အရှေ့တောင်အာရှနိုင်ငံများ၌ စတင်ဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးမှုအခြေအနေသည် စိတ်ဝင်စားဖွယ် ကောင်းသော သာဓကတစ်ရပ် ဖြစ်လာခဲ့ပါသည်။ တရုတ်- အာဆီယံလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်နှင့် မကြာသေးမီက ဆောင်ရွက်ခဲ့သော ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီမှု နှစ်ရပ်စလုံးတွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် နိုင်ငံဖွံ့ဖြိုးရေးအတွက် ဖွံ့ဖြိုးမှုနှင့်လွတ်လပ်စွာကုန်သွယ်မှုပြုခြင်းတို့ကို ပေါင်းစပ်ဆောင်ရွက် နိုင်ခွင့်ရရှိခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးမှုအခြေအနေများအနက် အချို့သည် ပုံမှန်မဟုတ်သော နည်းလမ်းများမှတစ်ဆင့် ရရှိလာခဲ့ကြောင်း သိရပါသည်။ တရုတ်ပြည်မကြီးရှိ လောင်းကစားသမားများ ထံမှ ငွေကြေးအရင်းအနှီးများကို တိုးတက်များပြားလာသော ကာစီနိုလောင်းကစားလုပ်ငန်းများမှ တစ်ဆင့်ရယူပြီး တစ်ဆက်တည်းတွင် အဆိုပါအရင်းအနှီးများကို အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ၌ ပြန်လည်ထည့်သွင်းရင်းနှီးမြှုပ်နှံခြင်းမျိုးကဲ့သို့ နည်းလမ်းများကို အသုံးပြုခဲ့ပါသည်။ တရားဝင်ဟုယူဆနိုင်သော်လည်း ၎င်းနည်းလမ်းမှာ အမှန်တကယ်အ လုပ်ဖြစ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

တရုတ်-ကမ္ဘောဒီးယား BRI နောက်ခံအခြေအနေ

တရုတ်နိုင်ငံသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ (၁၅) ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှုပြုခဲ့ပြီး အဆိုပါတန်ဖိုးတွင် စွမ်းအင်ကဏ္ဍတစ်ခုထဲ၌ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၁၁)ဘီလီယံရှိခဲ့ပါသည်။ အခြေခံအဆောက်အအုံများတွင် လမ်းများ၊ အဝေးပြေးလမ်းမများ၊ ဆိပ်ကမ်းများနှင့် လေဆိပ်များပါဝင်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့နှင့် Sihanoukville မြို့သို့ ချိတ်ဆက်ထားသော အဝေးပြေးလမ်းမ၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁.၉) ဘီလီယံရှိပြီး၊ အဆိုပါဆိပ်ကမ်းမြို့သည် ကမ္ဘောဒီးယားနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကုန်စည်ကူးသန်းရောင်းဝယ်ရေး ရေနက်ဆိပ်ကမ်း တစ်ခုဖြစ်သော Sihanoukville ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိပ်ကမ်း(PAS)မှ (၁၂) ကီလိုမီတာ အကွာတွင် တည်ရှိပြီး၊ ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်နှင့်သွင်းကုန် (၉၀) ရာခိုင်နှုန်းခန့်ကို PAS ရေနက်ဆိပ်ကမ်းမှ တစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် သယ်ယူပို့ဆောင်လျှက်ရှိပါသည်။ ၂၀၂၁ ခုနှစ်တွင် တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး မှ အမေရိကန်ဒေါ်လာ (၁၁.၂) ဘီလီယံရှိခဲ့ပါသည်။

ကာဆီနိုနှင့် အိမ်ခြံမြေလုပ်ငန်း

၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်ကာလအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ (အများစုသည် တရုတ်နိုင်ငံမှဖြစ်ကြသည်) နှင့် ကာစီနိုလုပ်ငန်းများအဓိကပါဝင်သော ခရီးသွားလုပ်ငန်းကဏ္ဍနှင့် အိမ်ခြံမြေလုပ်ငန်းများသည် Sihanoukville အထူးစီးပွားရေးဇုန် (SSEZ) သို့သွားရာ အဝေးပြေး လမ်းမကြီးတစ်လျှောက်၌ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ အဆိုပါပုံစံသည် တရုတ်- မကာအို ပုံစံကဲ့သို့ တစ်စိတ်တစ်ပိုင်း ပြန်လည်ဆန်းသစ်ထားခြင်းမျိုး ဖြစ်ပါသည်။

အဆိုပါ SSEZ အထူးစီးပွားရေးဇုန်အား BRI စီမံကိန်းအရ တရုတ်နိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား ထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသာဓကတစ်ခုအဖြစ် အသိအမှတ်ပြုလာ ခဲ့ကြပါသည်။ အထည်ချုပ်နှင့်အထည်အလိပ်လုပ်ငန်းများပါဝင်သော အနာဂတ်ကုန်ထုတ်လုပ်ငန်းများ တည်ရှိရာနေရာအဖြစ် ၂၀၀၈ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သော SSEZ အထူးစီးပွားရေး ဇုန်သည် ယခုအခါ စီးပွားရေးလုပ်ငန်းပေါင်း(၁၇၀)ကျော် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိပြီး တက္ကသိုလ်အဆောက်အဦများ၊ ဥပဒေဝန်ဆောင်မှုပေးရာဌာနများ၊ စာကြည့်တိုက်များနှင့် ဈေးဝယ် စင်တာများရှိရာ နေရာတစ်ခုဖြစ်လာခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အကုန်တွင် SSEZ အထူး စီးပွားရေးဇုန်အနေဖြင့် ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းပေါင်း(၃၀၀၀၀)နီးပါးခန့် ပံ့ပိုးပေး နိုင်ခဲ့ပါသည်။ အဆိုပါအချက်ကိုကြည့်လျှင် မူလကကာစီနိုလုပ်ငန်းများ ဖွံ့ဖြိုးလာရာမှတစ်ဆင့် ယခုကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူရရှိစေနိုင်ကြောင်း တွေ့ရှိနိုင်သည်။ ကမ္ဘောဒီးယား အစိုးရအနေဖြင့် သေချာစီမံချက် ချမှတ်ဆောင်ရွက်ခဲ့သည့်အတွက် လောင်းကစားလုပ်ငန်းများမှ ရရှိလာသော ဘဏ္ဍာရေးအကျိုးအမြတ်များကို ကုန်စည်ထုတ်လုပ်မှုကဏ္ဍ၊ လက်လီအရောင်းကဏ္ဍနှင့် ပညာရေးဆိုင်ရာအထောက်အကူပြုကဏ္ဍများ၌ ပြန်လည်ရင်းနှီးမှု ပြုနိုင်ရန် ကြီးကြပ်ဆောင်ရွက်ခဲ့သည့်အတွက် ဖြစ်ပါသည်။

အခြေခံအဆောက်အအုံများ၌ရင်းနှီးမြှုပ်နှံမှု

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၌ ကမ္ဘောဒီးယားနိုင်ငံ လေဆိပ်ရင်းနှီးမြှုပ်နှံမှုဖက်စပ်လုပ်ငန်း (OCIC) သည် မြို့တော်၏တောင်ဘက်အခြမ်းရှိ Kandal ပြည်နယ်တွင် အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံတန်ဖိုးရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းအတွက် ပုံစံရေးဆွဲခြင်းနှင့် လေယာဉ်ကွင်းတည်ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် Metallurgical Corporation of China (MCC) လုပ်ငန်းကို ရွေးချယ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွင်း MCC လုပ်ငန်း၏ အကြီးဆုံးနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစာချုပ်တစ်ခုဖြစ်သော အမေရိကန်ဒေါ်လာ (၄၀၀)သန်းတန်ဖိုးရှိ စာချုပ်အား ၎င်း၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည့် ရှန်ဟိုင်း Baoye Group ကုမ္ပဏီက ချုပ်ဆိုခဲ့ပါသည်။ အဆိုပါလေဆိပ်စီမံကိန်းကို ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် လေယာဉ်များ ဝင်ထွက် ရပ်နားနိုင်ရန် ၂၀၂၂ ခုနှစ်အကုန်တွင် အပြီးသတ်တည်ဆောက်ရမည်ဖြစ်ပါသည်။ တရုတ်နိုင်ငံမှ နောက်ထပ်ဝင်ရောက်ရန်ရှိသော ရင်းနှီးမြှုပ်နှံမှုများမှာ အမေရိကန်‌ဒေါ်လာ (၃.၈) ဘီလီယံ တန်ဖိုးရှိ Dara Sakor လေဆိပ်နှင့် အပန်းဖြေစခန်းစီမံကိန်းနှင့် တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးဘဏ်နှင့် OCIC ဖက်စပ်လုပ်ငန်းမှ တစ်ဆင့်ဝင်ရောက်လာမည့် အမေရိကန်ဒေါ်လာ (၁.၁)ဘီလီယံ တန်ဖိုးရှိ Takhmao လေဆိပ်စီမံကိန်းတို့ ဖြစ်ကြပါသည်။

ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်နိုင်ငံ၏ အခြားသော ရင်းနှီးမြှုပ်နှံမှုများကိုကြည့်လျင် ၂၀၂၁ ခုနှစ်၊ ဇွန်လက ကမ္ဘောဒီးယားနိုင်ငံ၊ Celllcard ဆက်သွယ်ရေးကုမ္ပဏီက ၎င်း၏ 5G ကွန်ရက်ချဲ့ ထွင်ရန် ZTE လုပ်ငန်းအား ရွေးချယ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် Xiaomi ကုမ္ပဏီသည် အလျင်အမြန် တိုးတက်လျက်ရှိသော ကမ္ဘောဒီးယားပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သော SEATEL နှင့် အစုစပ်လုပ်ငန်း လုပ်ကိုင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် Alibaba လုပ်ငန်းစုသည် လူဦးရေသန်း (၃၀၀) ရှိသော မဟာမဲခေါင်ဒေသအတွက် ထောက်ပံ့ပို့ဆောင်ရေး ဗဟိုဌာနအဖြစ် ကမ္ဘောဒီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်းနှင့် တရုတ်လူမျိုး ဖောက်သည်များအနေဖြင့် ၎င်း၏ Alipay ဝန်ဆောင်မှုအား ကမ္ဘောဒီးယားနိုင်ငံ၌ အသုံးပြုနိုင်ရန် Darapay လုပ်ငန်းပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ပါသည်။ တစ်ဖန် ၂၀၂၂ ခုနှစ်တွင် Cellcard နှင့် Tencent လုပ်ငန်း များသည် ၎င်း၏ e-sport platform ကို နိုင်ငံ အတွင်းနှင့် ‌ဒေသတွင်းနှစ်ရပ်စလုံး၌ လုပ်ငန်းချဲ့ထွင်သွားရန် စီစဉ်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်မှစ၍ ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်းကျဆင်းလာသည့်အ တွက် တရုတ်၊ ကမ္ဘောဒီးယားနိုင်ငံစလုံးက ၂၀၂၅ ခုနှစ်၌ ကမ္ဘာလှည့် ခရီးသွားဦးရေ(၅)သန်းခန့်အထိ အပြန်အလှန်လာရောက်လည်ပတ်ရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လှည့်ခရီးသွားဦးရေ (၈)သန်းခန့်အထိ ရောက်ရှိရန် ရည်မှန်းထားပါသည်။

တရုတ်နိုင်ငံမှ FDI ဝင်ရောက်မှု

၂၀၂၁ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်နိုင်ငံမှရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာသည့် ပမာဏသည် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ဆိုးကျိုးသက်ရောက်မှုများ ရှိခဲ့သော်လည်း သိသိသာသာ တိုးတက်ခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံမှ ပုံသေရပိုင်ခွင့်များ၌ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ၂၀၂၀ ပြည့်နှစ်က အမေရိကန်ဒေါ်လာ (၁.၃၉) ဘီလီယံရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၂.၃၂) ဘီလီယံအထိ တိုးတက်လာခဲ့သည့်အတွက် ယခင်နှစ်က ထက် (၆၇) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးရေးကောင်စီ၏ စာရင်း ဇယားများအရ သိရပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် အစိုးရအနေဖြင့် စုစု ပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ(၄.၃၅) ဘီလီယံ၏ (၅၃.၄) ရာခိုင်နှုန်းအထိ ခွင့်ပြုပေးခဲ့ပါသည်။

ရှေ့အလားအလာ

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ၂၀၂၀ ပြည့်နှစ်က (၃.၁)ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် (၃)ရာခိုင်နှုန်းခန့် ပြန်လည်တိုးတက်လာခဲ့ပါသည်။ အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများ၏ ဝင်ငွေအပေါ် ကိုဗစ်-၁၉၏ ဆိုးကျိုးသက်ရောက်မှုများကို လျော့ပါးသက်သာစေနိုင်သည့် မူဝါဒများနှင့် နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာစေ ရန် အထောက်အကူပြုနိုင်သည့် မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် တစ်ဖက်တွင် ငွေကြေးဖောင်းပွမှု ရှိလာနိုင်သည်ဟူသော စိုးရိမ်ကြောင့်ကြမှုများ ရှိခဲ့ သော်လည်း နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၂ ခုနှစ်တွင် (၅) ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်တာ ကာလ အတွင်း သိသာထင်ရှားသော အပြောင်းအလဲများကို ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၁၅ ခုနှစ်က အလယ်အလတ်အဆင့် ဝင်ငွေအောက်ရှိခဲ့သော အခြေအနေမှ ၂၀၃၀ ပြည့်နှစ်တွင် အလယ် အလတ်အဆင့်ဝင်ငွေ အထက်ရရှိသော နိုင်ငံအနေအထားသို့ ရောက်ရှိလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ ခန့်မှန်းထားပါသည်။

Source: ASEAN Briefing

ကောင်းထွဋ်အောင်(Myantrade)

Category: International News